![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhYpz9dP4INesk0JNQTJiKNm3lZoWqBUIyyelYeiMzKnSXlMtS8zcJ-lBWMmSm7HKgEc893tf8So_nPqsMic22wu9rC1CTEAjSbYQzAM81CyI4Te1cjg_eSvHt7pIHn6lNYruOq_YIqSQ/s320/Abandon.jpg)
စွန့်လွှတ်ခြင်းတရား
§ တစ်ခုခု-တစ်ယောက်ယောက် တစ်ချိန်ချိန်-တစ်နေရာရာဆိုတဲ့ ပြုလုပ်ထားတဲ့စိတ်၊ စွဲနေတဲ့စိတ်ကို စွန့်ရမယ်။ ကာယကံ၊ ၀စီကံ၊ မနောကံမှာ မနောကံကစပြီး စိတ်လက်နက်ချရမယ်။ စွန့်ရမယ်။ ကိုယ့်ရဲ့စိတ်က လက်နက်ကိုင် ထားတဲ့စိတ်၊ အ၀ိဇ္ဇာတဏှာဆိုတဲ့ လက်နက်ကြီးကိုင်ထားတာ။
§ စွန့်တဲ့ဘက်မှာ ရဲရင့်ရမယ်၊ သတ်ရဲဖြတ်ရဲတယ်ဆိုရင် ပြုလုပ်တဲ့ဘက်မှာ ရဲရင့်တာ၊ ဘာမှမဟုတ်ဘူး၊ တတ်တဲ့ ပညာကို စွန့်ခိုင်းတာ၊ စိတ်ကိုဘာသတ္တိမှ သွင်းခိုင်းတာမဟုတ်ဘူး၊ သွင်းထားတဲ့သတ္တိတွေကို ပြန်ဖျက်ခိုင်းနေတာ၊ အရက်ဖြတ်၊ ဆေးလိပ်ဖြတ်၊ ကွမ်းဖြတ်သလို နေ့စဉ်သုံးနေတဲ့ အတ္တစိတ်ကို ဖြတ်ခိုင်းနေတာ၊ မနောကံကို စွန့်ခိုင်း တာ၊ ဒါဆို ကာယကံ ၀စီကံကလွတ်ပြီ၊ လုပ်နည်းသင်နေတာမဟုတ်ဘူး၊ စွန့်နည်းသင်နေတာ၊ စွန့်လွှတ်ခြင်းက တကြောင်းတည်းသော မဂ္ဂင်လမ်းဖြစ်တယ်။
§ အသေခံရဲသွားရင် သေရမှာမကြောက်ပါဘူး၊ အသေမခံရဲလို့ သေရမှာကြောက်နေတာ၊ မစွန့်ဘူးသေးလို့ စွန့်ရမှာ ကြောက်နေတာ၊ စွန့်ဘူးပြီးသွားရင် စွန့်ရတာမှန်တယ်ဆိုတာ သိလာလိမ့်မယ်။
§ စိတ်-စေတသိက်-ရုပ်-နိဗ္ဗာန်ဆိုတာ ပရမတ်အစစ်ပါ၊ တစ်ခုခု တယောက်ယောက် တချိန်ချိန် တစ်နေရာရာဆိုတာ ပညတ်ပါ။ စားချင်ရင် စားချင်စိတ်ကိုစွန့်၊ မစားနဲ့ပြောတာမဟုတ်ဘူး၊ စွန့်ခိုင်းတာ၊ ထိုနည်းတူ လုပ်ချင်၊ သွားချင်၊ အရာရာမလုပ်နဲ့ ပြောတာမဟုတ်ဘူး၊ စွန့်ပြီးမှလုပ်ဖို့ပြောတာ၊ မစွန့်ရဲရင် သစ္စာ(၄)ပါးနှင့် အလွဲကြီးလွဲမယ်၊ ဘယ် ဘုရားလက်ထက်ရောက်ရောက် ဒီတရားဘဲဟောမှာဘဲ၊ စွန့်လွှတ်တတ်တဲ့ပညာကျင့်ယူပါ။ အလှူခံတတ်တာ လက်ခံတတ်တာသာတတ်ရင် စွန့်လွှတ်မှုအလုပ်မတတ်တော့ စွန့်လွှတ်တဲ့အလုပ်များများလုပ်ရင် လက္ခံတဲ့အလုပ် နဲနဲသွားမယ်။
§ နိဗ္ဗာန်တည်းဟူသော ဟိုမှာဘက်ကမ်းကိုသွားဘို့အတွက် မဂ္ဂင်ဟူသောလှေကို အသုံးပြုရသလို ဒီတရား အလုပ်က လှေနဲ့တူပါတယ်။ လှေပေါ်ကမဆင်းရင် ဟိုဘက်ကမ်းမရောက်ဘူး၊ နိဗ္ဗာန်သောင်ကမ်း မရောက်ဘူး၊ လှေကိုစွန့် လိုက်တော့မှ ဟိုဘက်ကမ်းရောက်မယ်၊ မဂ္ဂင်လုပ်ငန်းအစစ်မဟုတ်သော သမုဒယလမ်းတွေကို စွန့်လွှတ်ရုံနဲ့ နိဗ္ဗာန် မရပါဘူး၊ တရားပြသူကို ဆရာအဖြစ်လက်ခံကျင့်သုံးပြီး နောက်ဆရာအဖြစ်စွန့်ပြီး ကိုယ်တိုင်ကျင့်သုံးမှ မဂ္ဂင်လမ်း (တရား)အစစ်ကို သိသွားမှာပါ။ ဒီတရားနာပြီး ဒီတရားမှာဘဲ လမ်းဆုံးနေတာ၊ ဒီတရားကို စွဲကိုင်ထားလို့ ဒီတရားကို နာပြီး ဒီတရားကိုစွန့်လွှတ်ပြီး ကိုယ်တိုင်ကျင့်သုံးမှ ကိုယ်တိုင်ရမယ်။ မစွန့်သရွေ့တော့ ဘယ်တော့မှလမ်းမဆုံးဘူး။
§ ကိလေသာကိုစကား(ဘာသာစကား)တွေနဲ့ သတ်လို့မရပါဘူး။ ဥပမာ (အနိစ္စ-ဒုက္ခ-အနတ္တ)လို့ ရွတ်နေရုံနဲ့ ကိလေ သာမသေပါဘူး၊ တရားအလုပ်ဆိုတာ အတ္တစိတ်ကို အနတ္တစိတ်ဖြစ်အောင်လုပ်တာပဲ။ အတ္တိစိတ်ဆိုတာ ဆင်းရဲ ပါတယ်။ (အနတ္တစိတ်ဆိုတာ ချမ်းသာပါတယ်) အတ္တစိတ်ကို စွန့်လွှတ်ပြီး အနတ္တစိတ်ဖြစ်အောင်လုပ်ပါ။ စီးပွားရေး သမားက ငွေကြေးလိုသလို နိုင်ငံရေးသမားက ရာထူးအာဏာလိုတယ်။ အလုပ်သမားက အလုပ်လိုသလို အတ္တစိတ် ဟာလည်း တခု တယောက် တချိန်ချိန် တနေရာရာဆိုတဲ့ သတ်မှတ်ချက်တွေ အမြဲတမ်းလိုပါတယ်။
§ စိတ်မှာ အနတ္တစိတ်ဆိုတာ မူလထဲက ရှိပြီးသား(မသိကြလို့) ဘုရားနောက်ဆုံးပြောသွားတာက သင်္ခါရတရားဘဲ ရှိတယ်။ အချည်းအနှီးဘဲရှိတယ်။ ဖြစ်ရုံလေးဘဲ တစ်ခု-တစ်ယောက်-တချိန်-တနေရာရာ မဟုတ်တာဘဲ ဖြစ်တယ်လို့ ပြောသွားတယ်။ ငှက်တွေပျံနေတာ ငါးတွေရေကူးနေတာ၊ အစွဲနဲ့လုပ်နေတာ ကိုယ်ကျွမ်းကျင်တဲ့အလုပ် ကိုယ်လုပ် နေတာ၊ လေယာဉ်ပျံက ပျက်ကျမှာစိုးရိမ်ရသလို ငှက်တွေမှာ သတိထားပြီး ပျံသန်းရတယ်ဆိုတာ မရှိပါဘူး။ ငါး ရေကူးတယ်ဆိုတာလဲ ရေနစ်သေမှာမပူရပါဘူး။ အစွဲနဲ့လုပ်နေတာပဲ ပစ္စုပ္ပါန်သိစိတ်ရဲ့ သတိထားမှုမပါဘဲ အတွင်း စိတ်၊ အစွဲစိတ်ကလုပ်နေတာ၊ ဒါကို ငါလုပ်နေတယ်ဆိုပြီး ခံစားနေတာပါ။ အတွင်းစိတ် အစွဲစိတ် မသိစိတ် တို့ကို လည်း အစွဲဖြုတ်ပါ စွန့်လွှတ်ပါ။
§ စာဖတ်တာ စာလုံးတွေကို အသက်သွင်းတာ ရုပ်ရှင်ကာတွန်းဆိုလည်း အရုပ်တွေကို အသက်သွင်းတာ အသက် ဆိုတာ ကိုယ့်ရဲ့စိတ်ထဲမှာပဲရှိတာ၊ မိမိတို့လည်း သက်ရှိဘဲ၊ လူတွေဟာ အရာရာတိုင်းကို အသက်ဝင်လာအောင် ဖန်ဆင်းတတ်တဲ့ ပညာရှိတယ်။ မရှိတာအရှိလုပ်တဲ့အကျင့်စွန့်ပါ။ ဥပမာ ကမ္ဘာကြီးသက်တမ်းဘယ်လောက်ရှိပြီလဲ?
§ ပရမတ်ဆိုတာဘာလဲ? တဦးတယောက် တချိန် တစ်နေရာမဟုတ်တာ ပရမတ်ပါ။ ပရမတ်ကို ဘာပေတံနဲ့မှ တိုင်းလို့ မရဘူး။ ၁ ခုလား? တသိန်းလား? ၁ ကုဋေလား? အကန့်အသတ်နဲ့တိုင်းလို့မရဘူး။ သူ့သဘောနဲ့သူ ဖြစ်ရုံလေး ဖစ်နေတာ ပရမတ်တရားပါပဲ။ ပစ္စုပ္ပါန်ကိုတောင် ပစ္စုပ္ပါန်လို့မမှတ်နဲ့ စိတ်ရဲ့ထုံးတမ်းစဉ်လာကိုချိုးပါ။ ရေစုံမမျောပါနဲ့ သိတာဆို ဘာကိုမှ လက်မခံပါနဲ့။ ကိလေသာက ပရမတ်ကို အစဖျောက်ထားတာ၊ ပညတ်သဘောခံစားတာ၊ သိတာ တွေနဲ့ချည်းဘဲ ဖုံးကွယ်ထားတာ အဓိကနည်းလမ်းကတော့ဒါပါဘဲ ပြုမူမှုတွေ ကိုစွန့်လွှတ်ခြင်းအားဖြင့် အတ္တ စွမ်းအင်မှ အနတ္တစွမ်းအင် ပြောင်းလဲပေးပါ။
§ မိမိရဲ့စိတ်မှာ အနတ္တဆိုတဲ့ ပြီးပြည့်စုံတဲ့စိတ်ရှိပြီးသားပါ။ ဘယ်သူ ဘယ်ဝါ ဘယ်နေရာ ဘယ်အချိန်ဆိုတာတွေ မလိုတဲ့ ပြီးပြည့်စုံတဲ့ အနတ္တစိတ်ဆိုတာ စိတ်ရှိပြီးသား၊ အဲဒီစိတ်ကို ဖြစ်အောင်လုပ်ပေးတာ တရားအလုပ်ပါဘဲ စင်ကြယ်တဲ့ ခန္ဓာငါးပါးတရားစစ်စစ်ဖြစ်အောင် လုပ်ပေးတာ တရားအလုပ်ပါဘဲ၊ စင်ကြယ်တဲ့ ခန္ဓာငါးပါးတရား စစ်စစ်ဖြစ်အောင် ကြိုးစားရပါမယ်။
§ မိုးရေဆိုတာ ရေငွေ့ပြန်ပြီး ကောင်းကင်ထက်မှာ ငွေ့ရည်ဖွဲ့ပြီး အအေးဓာတ်နဲ့ ပြန်လည်ရွာသွန်းလိုက်တဲ့အတွက် မိုးရေဆိုတာ သဘာဝကစင်ကြယ်ပြီးသားပါ။ လူတွေက မီးခိုးတွေထုတ်လုပ် အဆိပ်ငွေ့တွေထုတ် လုပ်တဲ့အတွက် မိုးရေဟာ လူတွေရဲ့ပယောဂကြောင့် မစင်မကြယ်ဖြစ်ရပါတယ်။ မိုးရေနဲ့သဘာဝပင်ကိုယ်မူလက စင်ကြယ်ပြီးသား ပါ။ ဘာနဲ့မှ မရောနှောရင် မိုးရေက စင်ကြယ်ပြီးတဲ့ သဘာဝရေသန့်စစ်စစ်ပါ။ လူတွေရဲ့ ပယောကြောင့်(သို့) ပြုလုပ် မှုကြောင့် မစင်မကြယ်ဖြစ်ရတာပါ။ စိတ်ဆိုတဲ့ ခန္ဓာငါးပါးဟာလည်း နဂိုမူလသဘာဝက စင်ကြယ်ပြီးသားပါ။ သူ့ဟာ နဲ့သူ ဖြစ်ရုံလေးဖြစ်နေတာဘဲ။ လူတွေရဲ့ ပြုလုပ်မှုကြောင့် စိတ်အလုပ်များကြောင့် မစင်ကြယ်ဖြစ်ရတာပါ။ ပြုလုပ်မှု တွေကို စွန့်လွှတ်လိုက်မယ်ဆိုရင် မစင်ကြယ်တဲ့စိတ်တွေဟာ စင်ကြယ်တဲ့စိတ်တွေ ပြန်ဖြစ်သွားပါမယ်။ ဒီတော့ ပြုလုပ်မှုတွေကို စွန့်လွှတ်ပါ။
§ ပြုလုပ်မှုတွေကို စွန့်လွှတ်ထားပြီး အဲဒီစွန့်လွှတ်မှုကို ငါလုပ်နေတာမဟုတ်၊ ပြန်ပြီးစွန့်လွှတ်ပေးပါ။ စွန့်လွှတ်မှုကိုဘဲ ထပ်ပြီးစွန့်လွှတ်ပါ။ အဲဒီစွန့်လွှတ်မှုကို ငါဘဲဆိုတဲ့စိတ်ကို ထပ်ပြီးစွန့်လွှတ်ပါ။ ဖြစ်ရုံလေးဘဲ အကြွင်းမဲ့စွန့်လွှတ်ပါ။ ကျူပင်ခုတ် ကျူငုတ်ပါမကျန်အောင် စွန့်လွှတ်ပါ။
§ ပစ္စုပန်အလုပ်ကိုတောင်စွန့်ရပါမယ်။ အတ္တအလုပ်ကိုစွန့်ခိုင်းတာပါ။ သိသိကြီးနဲ့ လုပ်တဲ့စိတ်အလုပ်ကို စွန့်လွှတ်ပြီး တဲ့အခါ ကိုယ်မသိဘဲ အစွဲစိတ်အတွင်းစိတ်နဲ့ လုပ်တဲ့အလုပ်မျိုးလဲ စွန့်ရပါမယ်။
§ တငါငါနဲ့ လုပ်တဲ့အလုပ်တွေဟာ ဘယ်တော့မှမဆုံးဘူး။ အကိုင်းခုတ် အခက်ခုတ်နေရင် အမြဲခုတ်နေရမှာဘဲ။ တစ်ခု တစ်ယောက် တချိန် တနေရာကို စွန့်လိုက်တာ အကြောင်းသတ်တာပါ။ စိတ်ဆိုတဲ့အစွဲပြုတ်သွားရင် သူ့ဟာနဲ့သူ ဖြစ်ရုံလေးဖြစ်နေတဲ့ စင်ကြယ်တဲ့ အနတ္တစိတ်ဖြစ်ပါတယ်း အဲဒီအခါမှာ ၀ိပဿနာဥာဏ်ဖြစ်လာတာပါဘဲ။ ၀ိပဿနာ ဥာဏ်ဖြစ်ပါများရင် မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြစ်လာတာပါ။
§ ဘာကိုမှ အားမကိုးတာ ကိုယ့်အားကိုယ်မကိုးတာ တရားအားကိုးတယ်ခေါ်တယ်။ ပုတီးကြီးစိတ်နေမှ သီလဆောက် တည်နေမှ ဥပုသ်စောင့်နေမှ ရိပ်သာဝင်နေမှ ပညတ်တွေကိုကြည့်နေမှဆိုလျှင် အလိမ်ခံရပါလိမ့်မယ်။ ဘာကိုမှ အား မကိုးတာ တရားအားကိုးတာဖြစ်ပါတယ်။
§ ကိုယ်နားလည်တယ်၊ ကိုယ်သိတယ်ဆိုတဲ့တရားကိုဖြုတ်ပါ။ ကလေးတစ်ယောက်ကို ငြိမ်ငြိမ်နေလို့ပြောတာ ဘယ်လို နေရမလဲဆို ဘယ်လိုမှမနေတာ ငြိမ်ငြိမ်နေတာပဲ ပြုလုပ်မှုစွန့်လွှတ်တာ ငြိမ်ငြိမ်နေတာဘဲ ဟိုလို ဒီလိုနေရင် ငြိမ်ငြိမ် နေတာ မဟုတ်ဘူး။
§ ပေါ်လာတာ ဖြစ်လာတာတွေကိုစွန့်ပါ။ အားလုံးဘာမှမဟုတ်ဘူးမရှိဘူး သုညကဘဲဆိုတာထက် ဖြစ်ရုံလေးဘဲ အတ္တ ကိုစွန့်ရဲမှ အနတ္တဖြစ်မယ်။ စိတ်ကိုအသုံးမပြုနဲ့ ဒါကထုံးတမ်းစဉ်လာချိုးတဲ့ ၀ိဇ္ဇာတရားဘဲ၊ စိတ်ကို အသုံးပြုနေတာ အ၀ိဇ္ဇာ-သမုဒယစိတ်ဘဲ။
§ စွန့်လွှတ်မှုကိုချန်မထားနဲ့၊ အကြွင်းမဲ့စွန့်လွှတ်ပါ။ ဟိုမျှော်လင့် ဒီမျှော်လင့်နဲ့ မလုပ်နဲ့၊ ထီထိုးတယ်ဆိုတာ မျှော်လင့် တာပဲ၊ ထီထိုးတာပေါက်ဘို့မသေချာပါဘူး။ တရားလုပ်တာ သေချာပေါက်ကုသိုလ်ကံကောင်းလာမယ်။ မျှော်လင့်တဲ့ အလုပ်ကို အနာဂတ်နဲ့ အလုပ်မလုပ်နဲ့၊ အဲဒါ ပစ္စပ္ပန်အစွဲမပြုတ်လို့၊ ဆိုလိုတာ အတိတ် ပစ္စပ္ပန် အနာဂတ် သုံးခုလုံးနဲ့ မပတ်သက်တဲ့ အနတ္တစိတ် သူ့ဟာနဲ့သူ ဖြစ်ရုံလေးဖြစ်နေတဲ့စိတ် ဖြစ်အောင်ကြိုးစားပါ။
§ အနတ္တဆိုတာ မသိမ်းပိုက်တာ မမှီခိုတာ ပင်ကိုယ်သဘာဝကိုက ဖြစ်ရုံလေး အနတ္တစိတ်နဲ့ အပေးအယူလုပ်မှ အတ္တ စိတ်ပြုတ်မယ်။ ရုပ်ရှင်သရုပ်ဆောင်တွေလို အပြိုင်အဆိုင် သရုပ်ဆောင်နေကြတော့ ဘယ်တော့မှ သရုပ်ဆောင်လို့ ဆုံးမှာမဟုတ်တော့ဘူး။ ကိုယ့်ရဲ့ရုပ်ရည်အနုပညာအားကိုးနဲ့ ဘယ်လိုမှ တရားအားကိုးလို့ရမှာမဟုတ်ဘူး။ တရား အားကိုးတယ်ဆိုတာ ကိုယ့်အားကိုယ်မကိုးတာ၊ ဆိုလိုတာက ကိုယ်ကိုင်နေကျ လက်နက်ကိုချတာ၊ စစ်တိုက်တဲ့အခါ လက်နက်ချသလို ကိုယ်တန်ဖိုထားတာကို စွန့်တာ တရားလုပ်တာ။
§ စီးပွားရေးသမား ငွေအကြောင်းသိသလို ၀ပ်ရှောဆရာ ကားအကြောင်းသိတယ်၊ ဆရာဝန်က ရောဂါ အကြောင်း ဆေးအကြောင်းသိသလို စိတ်စေတသိက်ရုပ်ဟာလည်း နိဗ္ဗာန်အကြောင်း ကောင်းကောင်းသိတယ်။
§ တရားအားမထုတ်ဘဲ မတရားအားထုတ်တဲ့အခါ အညစ်အကြေးစွန်းထင်းမှုကတော့ ရှိမှာတော့ ဓမ္မတာပါဘဲ၊ ပြုလုပ်တာမှန်သမျှ သိတာမှန်သမျှ မတရားချည်းပါဘဲ၊ စွန့်တာအားလုံးတရားဘဲ၊ ဒီတရား ငါသိအောင် ကြိုးစားမယ် ဆိုတာဟာ ယောဂီတို့ရဲ့ ထုံးတမ်းစဉ်လာအမှားပါ။ မစင်ကြယ်တဲ့စိတ်က နိဗ္ဗာန်အတုအကြောင်းဘဲသိပါမယ်။ နိဗ္ဗာန် အစစ်သိချင်ရင် စင်ကြယ်တဲ့စိတ်ရှိဘို့လိုပါတယ်၊ လအစစ်ကိုကြည့်ရင် လကမ္ဘာပေါ်ကိုသွားမှရပါမယ်။ ကမ္ဘာပေါ်က ကြည့်လို့ မြင်မှာမဟုတ်ဘူး၊ ဒီလိုပဲ နိဗ္ဗာန်အစစ်မြင်ချင်ရင် စင်ကြယ်တဲ့စိတ်အဖြစ်ရောက်အောင် အရင်သွားရပါမယ်။ ငါ ငါ နဲ့ သိနေတဲ့ ဒုက္ခသစ္စာဆိုတာ အတုကြီးပါ။
§ ကံစွန့်ရင် ဥာဏ်ရတယ် ကံဆိုတာ (ကာယကံ-၀စီကံ-မနောကံ) ဥာဏ်ဆိုတာ ပရမတ်(အနတ္တ)ကိုပြောတာ၊ စိတ်ဟာအတ္တ Soft ware နှင့် အနတ္တ Soft ware ဆိုပြီးရှိတယ်၊ အတ္တ(ပညတ်)ကိုစွန့်ပါ။ စွန့်ရဲတဲ့သတ္တိရှိဘို့ လိုပါတယ်။ ငါပိုင်မရှိလျှင် သူများပိုင်တာလဲမရှိတော့ အားလုံးအတူတူဘဲလို့သိသွားမယ်။ ကိုယ့်သားသမီးအစွဲကို ဖြုတ်လိုက်လျှင် တစ်ခြားလူ သားသမီးများဟာ ကိုယ့်သားသမီးဖြစ်သွားမယ်။ လုပ်လို့လုပ်တတ်တာ မလုပ်ရင် မလုပ် တတ်ဘူး (Ex:အရက်) နားထောင်နေလို့ ကြားရတာ နားမထောင်လျှင် မကြားရဘူး။ စိတ်အစွဲကိုဖြုတ်ခိုင်းတာ ဘာသာအယူဝါဒကိုဖြုတ်ခိုင်းတာမဟုတ်။
No comments:
Post a Comment